top of page

မောင်ရင်ငတေနေတဲ့ မြို့အကြောင်း 

 

မောင်ရင်ငတေရဲ့ လက်ရှိရောက်ရှိနေထိုင်တဲ့ မြို့ကိုတော့ မြန်မာလူမျိုးတိုင်း သိကြပါတယ်၊ ကြွားတယ်လို့တော့ မထင်လိုက်ကြပါနဲ့ မောင်ရင်ငတေနေတာ ပဲရစ်မြို့လို့ခေါ်ပါတယ်၊ ဒီမြို့မှာရှိတဲ့ အီဖယ်လ်မျှော်စင်ကြီးနဲ့ ပဲရစ်မြို့သို့မဟုတ် ပြင်သစ်အခေါ် ပါရီမြို့တော်ကို ကမ္ဘာအရပ်ရပ်ရှိ လူတွေအားလုံးသိကြသလို ရောက်ဖူးချင်ကြမှာပါ၊ မောင်ရင်ငတေကတော့ ဘယ်ဘဝတွေက ရှေးရေစက်ကြောင့်လည်းတော့မသိပါဘူး၊ ယောင်လည်လည်ရောက်ခဲ့ပြီးနောက် ခွာလို့မရတော့ ပါဘူး၊ ဘာမသိညာမသိ ပြင်သစ်လိုဘွန်ရှုးဆိုတဲ့ နှုတ်ခွန်းဆက်စကားတခွန်းနဲ့ မြန်မာပြည်က အိမ်ခန်းအပေါင်ခံထားခဲ့ပြီး ရောက်လာခဲ့တဲ့ မောင်ရင်ငတေတယောက်တော့ ပါရီမြို့ရဲ့ လမ်းကြို လမ်းကြားတွေမှာ စရောက်ကတည်းက ခုထိတိုင် လျှောက်နေခဲ့လျှောက်နေဆဲပေါ့၊

ဒီမြို့မှာ ပါရီမှာတွေ့ရတာအများဆုံးကတော့ ကမ္ဘာလည့်ခရီးသည်တွေရယ် ကမ္ဘာအရပ်ရပ်ကနေ ရောက်ရှိလာတဲ့ မောင်ရင်ငတေတို့လို ဒုက္ခသည်တွေ ရယ်ပေါ့၊ ပြင်သစ်နိုင်ငံသားဖြစ်သွားကြတဲ့ ကိုလိုနီအဟောင်း အာဖရိကန်လူမည်းတွေနဲ့ တူနီးရှန်း အယ်ဂျီးရီးယန်း မော်ရိုကန်လူမျိုးတွေကို တွေရများမှာ ဖြစ်သလို မောင်ရင်ငတေတို့ရဲ့ အိမ်နီးချင်းမိတ်ဆွေ ဆွေမျိုးပေါက်ဖော်ကြီးတွေလည်း အမြောက်အများတွေ့ရမှာဖြစ်ပါတယ်၊ လာအို ခမာနဲ့ ဗီယက်နမ် တွေလည်း ပေါများလှပါတယ်၊ သီရိလင်္ကာရဲ့ နာမည်ကျော် တမီလ်တိုက်ဂါးဟောင်းတွေလည်း များမှများတဲ့ မြို့တမြို့ပါဘဲ၊ ကမ္ဘာပေါ်မှာရှိသမျှသော လူမျိုးပေါင်းစုံ ရောက်ရှိနေထိုင်ရာ မြို့ကြီးတမြို့ ဖြစ်ပါတယ်၊ မတွေဘူးတဲ့ လူမျိုးတောင် မရှိတော့ဘူးနဲ့တူပါတယ်၊ မောင်ရင်ငတေတို့ ရွှေလူမျိုးကတော့ ဂုဏ်ယူရမှာလားမသိ အနည်းငယ်ဘဲရှိပါတယ်၊ ဒီမြို့မှာ အခြေချနေထိုင်သူ အများဆုံး တစ်ရာကျော်နှစ်ရာထက် မပိုပါဘူး၊ ဒါတောင်မှ လွန်ခဲ့တဲ့ လပိုင်း လောက်က မြန်မာပြည်ရဲ့အဓိက ကမ္ဘာသိခေါင်းဆောင်ကြီးကို ကြိုဆို ကြတဲ့ပွဲတုန်းကတော့ မောင်ရင်ငတေတို့ ရောက်ရှိနေထိုင်ခဲ့တဲ့ ၁၂ နှစ်တာကာလ အတွင်းမှာ တခါဖူးမျှမမြင်မတွေ့ဘူးတဲ့ မြန်မာလူကြီးလူကောင်းစစ်စစ်တွေ ကြွရောက်ချီးမြင့်ကြကြောင်း ကြားသိလိုက်ရတာပါခင်ဗျာ၊ မောင်ရင်ငတေ ကတော့ အဲဒီလိုပွဲလမ်းသဘင်တွေကို ဝေးဝေးက ရှောင်ကြင်သူမို့ မတွေ့လိုက်ရပါဘူးဗျာ၊ သူတို့ပါပါမှ လူနှစ်ရာလောက်ရှိတာပါ၊ ရွှေအဖွဲ့အစည်းကတော့ များများမရှိပါဘူး၊ လူနှစ်ရာအဖွဲ့ နှစ်ရာမရှိပါဘူး၊ ဖွဲ့ပြီးရင်လည်း ကွဲတတ်ကြလွန်းလို့ မောင်ရင်ငတေတို့တော့ အဖွဲ့ကိုမဖွဲ့တော့တာပါ၊ မောင်ရင်ငတေတို့ရဲ့ မိတ်ဆွေတချို့နဲ့တော့ သောက်သုံးသူများသမဂ္ဂတို့ စားသုံးသူများသမဂ္ဂတို့ လယ်ယာပြန်စားရေးသမဂ္ဂတို့လို တရားမဝင် အသင်းလေးတွေတော့ရှိပါတယ်၊ တပတ်တခါလောက်ချိန်းပြီးတော့ စားကြသောက်ကြအတင်းဖလှယ်ကြပေါ့ဗျာ၊ ဒီလိုမျိုးအဖွဲ့ထဲကိုမဝင်ကြတဲ့ တသီးပုဂ္ဂလအမတ်မင်းများလည်း ရှိသပေါ့ဗျာ၊

 

ဒီပါရီရွှေမြို့တော်ကြီးဟာ ထူးခြားတာကတော့ မြို့တော်ကြီးကသာ မြို့ဟောင်း အဆောက်ဦး အဟောင်းတွေနဲ့သာ ပြည့်နှက်လို့နေပေမဲ့ လူတွေကတော့ ခေတ္တခဏ လာရောက်လည်ပတ်ကြတဲ့ သူတွေရယ် အမြဲတမ်းနေထိုင်ခွင့်ရမလားလို့ လာကြတဲ့သူတွေရယ်နဲ့ လူသစ်မျက်နှာသစ်တွေ အများစုကို တွေ့ကြရမှာဖြစ်ပါတယ်၊ ပါရီမြို့လယ်မှာ နှစ်ထပ်လမ်းတွေ သုံးထပ်လမ်းတွေ ဂုံးကျော်တံတားကြီးတွေ မိုးမျှော်တိုက်ကြီးတွေ တွေ့ရမှာ မဟုတ်ပါဘူး၊ ၉၀ ရာနှုန်းသော အဆောက်အဦများဟာ လွန်ခဲ့သောနှစ်ပေါင်း တစ်ရာ နှစ်ရာ သုံးရာက ဆောက်လုပ်ခဲ့တဲ့ အဟောင်းတွေသာဖြစ်ပါတယ်၊

၁၂ ရာစုမတိုင်ခင်ကတည်းကနေ ယနေ့ခေတ်အထိ ဥရောပရဲ့အဓိကအချက်အချာကြတဲ့မြို့ဖြစ်ခဲ့ပြီး နှစ်ပေါင်းလေးငါးခြောက်ရာသက်တမ်းရှိ နာမည်ကြီး ရှေးဟောင်းအဆောက်အဦးများသာမက လူနေတိုက်ခန်းအဟောင်းပေါင်း မြောက်များစွာကလည်း ပါရီမြို့လုံးနှံ့လက်ညိုးထိုးမလွဲ ယခုထိတိုင်အောင်ရှိနေသ လို မမျှော်လင့်တဲ့အဖျက်အဆီးများသာမရှိခဲ့ပါက နောက်နှစ်ပေါင်းများစွာ ဆက်လက်ပြီးတည်ရှိလို့သွားမှာသေချာပါတယ်၊ အဟောင်းတွေနဲ့ တည်ရှိနေတဲ့ အဟောင်းတွေကို ခပ်တည်တည်ပြစားနေတဲ့ ဥရောပ ရှေးဟောင်းမြို့တော်ကြီးပေါ့၊

အများစုသော နန်းတော်ဟောင်း ရဲတိုက်ဟောင်း အိမ်ကြီး အိမ်ကောင်း အဟောင်းများဟာ ရှေးရှေးကတော့ မြေရှင် ငွေရှင် ပဒေသရာဇ် နယ်စားပယ်စားများ တဦးချင်းပိုင်ဆိုင်ခဲ့ကြတာဖြစ်ပြီး ယနေ့မှာတော့ နိုင်ငံတော်ကပိုင်ဆိုင်သော  ဝင်ကြေး ၁၀ ယူရိုဝန်းကျင်ခန့် ပေးဝင်ရသော ပြတိုက်များအဖြစ် အသွင်ပြောင်းထားပြီး ကမ္ဘာလှည့်ခရီးသည်တွေ တန်းစီတိုးနေတာကို အမြဲလိုလို မြင်တွေ့ရမှာ ဖြစ်ပါတယ်၊

တခါက ဖတ်ဖူးလိုက်တဲ့ ဖေ့စ်ဘွတ်ခ်ပေါ်က ကွန်မန့်တခုမှာ ပါရီမြို့ကိုလာလည်ခဲ့တဲ့ လန်ဒန်သူ နှစ်ဦးရဲ့ အပြန်အလှန်မှတ်ချက်မှာ ရေးထားတာကတော့ လန်ဒန်မြို့ကြီး ဘယ်လောက်ကြီးကျယ် ကြီးကျယ် ပါရီနဲ့ ယှဉ်လိုက်ရင်တော့ လက်သုတ်ပုဝါနဲ့လက်နှီးစုတ်လို ကွာခြားလှပါပေတယ်တဲ့ ခင်ဗျား၊ မောင်ရင်ငတေရဲ့ မှတ်ချက်မဟုတ်ကြောင်းပါခင်ဗျား၊

အခုလက်ရှိ မောင်ရင်ငတေနေနေတဲ့ ပါရီမြို့စွန် ဆင်ခြေဖုံးရပ်ကွက်တခုက နှစ်ထပ်နှစ်ခန်းတွဲ တိုက်ကလေးတောင်မှ နှစ်ပေါင်း ၇၀ ကျော်ခဲ့ပေမယ့် ဆက်လက်ရပ်တည်ဆဲပါ၊ ချဲ့ထွင်လာတဲ့ မြို့ပြနယ်နမိတ်အရတော့ သူ့နဘေးမှာ အထပ်မြင့်တိုက်တွေ ဝန်းရံလို့တော့နေပါပြီ၊ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်တွေ မလွှမ်းမိုးတဲ့နေရာဖြစ်လို့ ဆက်လက်ရပ်တည်ချင်သပဆိုရင်ဖြင့် ရပ်တည်ခွင့် ဆက်လက်ပြီးတော့တည်ရှိနေမှာပါ၊

   http://moemaka.com/?p=28061                                                                                                       အောက်တိုဘာ ၁၂၊ ၂၀၁၂

  • Wix Facebook page
  • Wix Twitter page
  • Wix Google+ page

ရောက်တတ်ရာရာအတိုအစများ

bottom of page